Thursday, July 7

ကိုယ့်စမတ်ဖုန်း ပေါ့ပါးသွက်လက်အောင် ကူပေးမည့် App ၁၀ မျိုး

email ဝင်လာသည်။ Notification ပေါ်ထောက်ပြီး ဖွင့်လိုက်သည်။ Email စာမျက်နှာ ပွင့်လာဖို့ တစ်သက်လောက်ကြာအောင် စောင့်ရသည်ဆိုတာမျိုး စမတ်ဖုန်းသုံးသူ အများစု ကြုံဖူးလိမ့်မည်။ စမတ်ဖုန်းများသည် ယနေ့လူသားတို့အဖို့ နေ့စဉ်သွားလာ လုပ်ကိုင်ရာတွင် အမြဲလိုက်ပါသည့် အဖော်မွန်ဖြစ်သည်။ သို့သော် အဖော်မွန်သည်လည်း အသက်ကြီးလာလျှင်၊ အလုပ်တွေ ပိလာလျှင် နှေးကွေးလေးလံစမြဲ။ စမတ်ဖုန်းသည်လည်း ပါကင်စဖောက်ပြီး သုံးတုန်းက လျှပ်စီးတွေပါ လက်အောင်မြန်ကောင်း မြန်ခဲ့မည်မှန်သော်လည်း ကြာလာလေ ဝန်ပိလေဖြစ်ကာ လေးလံလာသည်မှာလည်း အမှန်တရား ဖြစ်သည်။

ဖုန်းလေးလာသည့်ကိစ္စ ဘယ်လိုရှင်းကြမည်နည်း။ ဆော့ဖ်ဝဲကို ဆော့ဖ်ဝဲနှင့် တိုက်ရမည်။ လေးနေသော ဖုန်းဆော့ဖ်ဝဲကို မြန်ဆန်သွက်လက်လာအောင် ဖုန်းရှင်းလင်းရေး ဆော့ဖ်ဝဲတွေ သုံးပေးရမည်။ အောက်တွင် App ၁၀ မျိုး အကြံပြုဖော်ပြပါမည်။

Clean Master

ဤနာမည်ကို လူတော်တော်များများ ကြားဖူးလိမ့်မည်။ အထူးသဖြင့် Android သမားများ ပိုရင်းနှီးလိမ့်မည်။ ဖုန်းထဲက ဝန်ထုပ်ပိုတွေကို ရှင်းကာ ဖုန်းပေါ့အောင် လုပ်ပေးနိုင်သည်။ ဖုန်းထဲက App များ လုပ်ငန်းလည်ပတ်ပြီး ကျန်နေသော ဖိုင်ဟောင်းများကို ရှာဖွေရှင်းလင်းပေးလိမ့်မည်။ ဖုန်း၏ RAM Memory ပေါ် ဝန်ထုပ်ပိနေတာကိုလည်း Clean Master က ရှင်းပေးလိမ့်မည်။ Clean Master သည် ဖုန်းရှင်းလင်းရေးအပြင် App များလုံခြုံရေးအတွက် Lock လုပ်ပေးနိုင်သလို၊ ဘက်ထရီစား သက်သာအောင်လည်း ကူပေးနိုင်သည်။ Clean Master ထဲတွင်ပါသော App Manager ဖြင့်လည်း  အသုံးမလိုသော App များကို ရှင်းထုတ်၊ ဖျက်ထုတ်ပစ်နိုင်သည်။

Clean Master ဖြင့် ဖုန်းကိုပုံမှန်လေး ရှင်းပေးမည်ဆိုလျှင် ဖုန်းသည် ပေါ့ပါးသွက်လက်စွာ အလုပ်လုပ်နေသည်ကို တွေ့ရလိမ့်မည်။

Shoebox

Gigabyte နဲ့ချီသော ပုံတွေ၊ ဗီဒီယိုတွေ ဖုန်းထဲပြည့်ကျပ် နေပြီဆိုလျှင် ဖုန်းလေးလာလိမ့်မည်။ Shoe box သည် ဖုန်းထဲက ပုံတွေ၊ ဗီဒီိယိုတွေကို ၎င်း၏ အွန်လိုင်းဒေတာ စင်တာမှာ သိမ်းပေးထားလိမ့်မည်။ လိုသည့်အချိန်ကျမှ download ပြန်ဆွဲလိုက်ရုံ။ Shoebox တွင် ဒေတာများ သိမ်းဆည်းပြီးကြောင်း သေချာပါက ဖုန်းထဲကပုံနှင့် ဗီဒီယို တော်တော်များများကို ဖျက်ထားလိုက်နိုင်ပြီ။ ဖုန်းလည်း Memory များများလွတ်ကာ ပေါ့ပါးလာလိမ့်မည်။

Battery Doctor

ဘက်ထရီ ဆရာဝန်ဟူသော နာမည်နှင့်အညီ ဖုန်းထဲမှာဘာတွေ ချို့ယွင်းနေသည်၊ မကျန်းမမာ ဖြစ်နေသည်ကို Battery Doctor က စူးစမ်းဖော်ထုတ် ပေးလိမ့်မည်။ ဖုန်းဘက်ထရီ အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိနိုင်အောင် စာရင်းဇယား အတိအကျနဲ့ ပြပေးလိမ့်မည်။ ဖုန်းလေးအောင် လုပ်နေသည့် လက်သည်များကိုလည်း ဖော်ထုတ်ပြသ ပေးလိမ့်ဦးမည်။ လက်သည်ကို သိပြီဆိုလျှင် မိမိကလိုသလို အရေးယူ ကိုင်တွယ်လို့ရပြီ မဟုတ်ပါလား။

Google Drive

Google Drive ကိုယ်တိုင်မူကား ဖုန်းရှင်းလင်းရေး App မဟုတ်။ သို့သော် ဖုန်းထဲက ပုံ၊ ဗီဒီယို၊ စာနှင့် အခြားသော ဖိုင်များကိုပါ Google Drive အွန်လိုင်းဒေတာ စင်တာပေါ် တင်ထားနိုင်ရာ Google Drive ပေါ်ရောက်ပြီ သေချာလျှင် ဖုန်းထဲက ဖိုင်တွေ ဖျက်ထားလိုက်နိုင်ပြီ။ ဖုန်းလည်း Memory များများစားစားလွတ်ကာ ပေါ့ပါးသွားလိမ့်မည်။ ကိုယ့်ဖိုင်တွေထဲက လိုချင်တာရှိလျှင် Google Drive အွန်လိုင်းမှာ သွားရှာကာ download ဆွဲလိုက်ရုံဖြစ်သည်။

CCleaner

Windows ကွန်ပျူတာ သုံးဖူးသူအများစု CCleaner နဲ့ရင်းနှီးပြီးသား ဖြစ်လိမ့်မည်။ ကွန်ပျူတာ လေးလာလျှင် CCleaner ဖွင့်ပြီး ကွန်ပျူတာထဲက ဖိုင်ဟောင်းတွေ ရှင်းလိုက်မှ ကွန်ပျူတာက ပြန်ပေါ့ပါး သွက်လက်သွားသည်။ CCleaner App ကို Android ဖုန်းများအတွက်လည်း ထုတ်လုပ်ထားသည်။ ကွန်ပျူတာတွင် သုံးနေကျအတိုင်း ဖုန်းမှာလည်း CCleaner ဖွင့်ကာ အမှိုက်ဖိုင်တွေ ရှင်းနိုင်သည်။ ဖုန်းကိုမလိုအပ်ဘဲ ဝန်ပိစေသော အမှိုက်ဖိုင်တွေ၊ ဖိုင်အကြီးစားတွေကို ဖော်ထုတ်ရှင်း လိုက်ပြီးလျှင် ဖုန်းသိသိသာသာ ပေါ့သွားတာ ကြုံရလိမ့်မည်။

Dropbox

အွန်လိုင်းဒေတာ သိမ်းဆည်းရေး ဝန်ဆောင်မှု ဖြစ်သည်။ မိမိဖုန်းထဲမှာ သိမ်းထားဖို့ မလိုသည့် ပုံ၊ ဗီဒီယို၊ စာဖိုင်နှင့် အမျိုးမျိုးသော ဖိုင်များကို Dropbox ပေါ်သို့ပြောင်းပို့ သိမ်းထားနိုင်သည်။ ပြီးလျှင် ဖုန်းထဲကဖိုင်များကို ဖျက်လိုက်ခြင်းဖြင့် ဖုန်းသည် Memory များများစားစား လွတ်သွားကာ ခွန်အားပြည့်သော လူတစ်ယောက်လို သွက်လက်မြန်ဆန် နေလိမ့်မည်။ Dropbox ထဲက ဖိုင်များကို အချိန်မရွေး ပြန်ရှာကာ လိုတာကို download ပြန်ဆွဲနိုင်သည်။ မလိုသည့် ပုံ၊ ဗီဒီယိုနှင့် စာတွေ ဖုန်းထဲမှာ ပြည့်ကျပ်ခဲနေတာကို ရှင်းလင်းဖို့ Dropbox ကဲ့သို့ အွန်လိုင်းဒေတာ သိုလှောင်ဝန်ဆောင်မှုများက အားကိုးရသည်။

Memory & Disk Scanner Pro

မန်လိုသူများ Memory & Disk Scanner Pro ကိုလည်း စမ်းကြည့်သင့်သည်။ ဖုန်း PCU အခြေအနေ၊ ဖုန်း memory အခြေအနေ အသေးစိတ်ကို Memory & Disk Scanner Pro က အစီရင်ခံ တင်ပြလိမ့်မည်။ အခြေအနေမှန်ကို သိရလျှင် စာဖတ်သူအနေဖြင့် ဘာတွေရှင်းမည်ဆိုတာ ဆုံးဖြတ်နိုင်ပြီ။ Lightning Disk Cleaner ဆိုသည့် ဝန်ဆောင်မှု အသစ်လည်း ပါသည်။ နာမည်နှင့်အညီ လျှပ်စီးလက်သည့်အလား မြန်ဆန်သွက်လက်စွာ အမှိုက်ဖိုင်တွေကို ရှင်းပေးလိမ့်မည်။ စာဖတ်သူလည်း Memory & Disk Scanner Pro ကို down ပြီး လျှပ်စီးလက်ကြည့်ပါဟု တိုက်တွန်းပါရစေ။

Photo Compress

ဖုန်းထဲကပုံတွေကို Dropbox၊ Google Drive စသော အွန်လိုင်းဒေတာ သိမ်းဆာဗာတွေဆီ တင်ပြီးနောက် ဖုန်းထဲကနေ ဖျက်လိုက်ခြင်း နည်းလမ်းမျိုးဖြင့် ဖုန်း Memory နေရာလွတ်အောင် မရှင်းလို။ ကိုယ့်ပုံလေးတွေ အမြဲမြင်နေရမှ နေသာထိုင်သာ ရှိသည်ဆိုသူများအဖို့ Photo Com-press က အသုံးဝင်လိမ့်မည်။ Photo Compress သည် ပုံတွေကို ဖျက်စရာမလို။ ပုံဆိုက်တွေကိုချုံ့ပေးသော နည်းဖြင့် ဖုန်း Memory နေရာသိပ်မယူအောင် လုပ်ပေးသည်။ သို့ဖြစ်ရာ ကိုယ့်ပုံတွေကိုလည်း ကြည့်ချင်သည့်အချိန် ဖွင့်ကြည့်နိုင်မည်၊ ဖုန်းထဲမှာလည်း Memory ဝန်ထုပ်ဝန်ပိုး သိပ်မဖြစ်သဖြင့် အဆင်ပြေသည်။

iRefresh Pro

ကိုယ့်ဖုန်းကို ဘာတွေကလေးအောင် လုပ်နေသည်ဆိုတာ ခေါင်းခြောက်အောင် စဉ်းစားနေရပါသလား။ ကိုယ့်ဖုန်းရဲ့ လက်ရှိလုပ်ဆောင်နိုင်စွမ်းက ဘယ်လောက်ရှိလဲ စူးစမ်းချင်နေမိပါသလား။ iRefresh Pro က ဆန္ဒဖြည့်ပေးလိမ့်မည်။ ဖုန်း Memory, CPU စသည်တို့၏ လုပ်ဆောင်ချက်များကို အချိန်နဲ့တစ်ပြေးညီ ပြပေးလိမ့်မည်။ ဖုန်းကို ဘာတွေက အများဆုံးဝန်ပိအောင် လုပ်နေလဲမြင်ရမည်။ ပြဿနာကောင်များကို တိတိကျကျ ဖော်ထုတ်နိုင်ပြီဆိုလျှင် ဖြေရှင်းဖို့က လွယ်သွားပြီ။

DU Battery Saver & Fast Charge

Memory ဝန်ပိလို့ ဖုန်းလေးခြင်းအပြင်၊ ဘက်ထရီ ဝန်ပိလျှင်လည်း ဖုန်းလေးတတ်သည်။ ဖုန်းဘက်ထရီကို မည်သည့် Application များက လက်ဝါးကြီးအုပ် ကြီးစိုးထားလဲ ဖော်ထုတ်ဖို့ DU Battery Saver & Fast Charge က တာဝန်ယူလိမ့်မည်။ Android ဖုန်းများတွင်သာ အသုံးပြုနိုင်သည်။

DU Battery Saver & Fast Charge သည် ဖုန်းဘက်ထရီ ကြီးကြပ်ရေးမှူး တာဝန်ယူလိမ့်မည်။ ဖုန်းဖွင့်ထားသည့် တစ်ချိန်လုံး နောက်ကွယ်ကနေ လိုက်စောင့်ကြည့် ပေးနေလိမ့်မည်။ ဖုန်းဘက်ထရီ များများစားသည့် Application များကို သူက ထိန်းကွပ်ပေးလိမ့်မည်။ ပုံမှန်ထက် ၅၀ ရာခိုင်နှုန်းလောက် ဘက်ထရီပိုခံအောင် ကူပေးနိုင်သည်ဟု ဆိုထားသည်။ လုပ်ဆောင်ချက်များထဲတွင် ဖုန်းအေးမြစနစ်လည်း ပါသေးသည်။ CPU ကို အလုပ်တွေ သိပ်ခိုင်းသည့် Application မျိုးကို ထိန်းချုပ်ပေးခြင်းနည်းဖြင့် ဖုန်းဘက်ထရီ ဝန်ထုပ်ပိမှု လျှော့ချကာ ဖုန်းအပူသက်သာအောင်ပါ ကူပေးလိမ့်ဦးမည်။ DU Battery Saver & Fast Charge ကို Android  Play Store ကနေ Download ဆွဲသူ သန်းတစ်ရာကျော် ရှိနေသည်ဖြစ်ရာ တော်ရုံအဆင့်နဲ့တော့ ထိုမျှပရိသတ် ရစရာမရှိသဖြင့် ယုံကြည်စွာ အသုံးပြုနိုင်သည်။

Ref: 10 Apps To Speed Up Your Smartphone by Sam Moore (www.techweekeurope.co.uk)


အဆင်​​ပြေပါ​စေ

0 comments:

Post a Comment