Thursday, September 11

✏ပက်​စ်​ဝါ့ခ်​အ​ကြောင်း✏

-အင်တာနက်နည်းပညာတွေ ကျယ်ပြန့်လာတာနဲ့ အမျှ ကျွန်တော်တို့ရဲ့ တကိုယ်ရေလုံခြုံမှု၊ လွတ်လပ်မှုနဲ့ သီးခြားထင်ရှားမှု တွေဟာ ပိုပြီး အရေးကြီးလာပါတယ် ... သတင်းနည်းပညာခေတ်ကြီးထဲမှာ အင်တာနက် သုံးနေသူတိုင်းဟာ မိမိတို့ရဲ့ အမှတ်အသား (Identity) နဲ့ လွတ်လပ်မှု (Privacy) တွေကို မသမာသူတွေရဲ့ အလွဲသုံးစား အလုပ်ခံရတဲ့ အန္တရာယ် ကနေ ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ အရေးကြီးပါတယ်။ ဒီလို အကာအကွယ်ပေးဖို့ဆိုတာ
ကိုယ်အသုံးပြုနေတဲ့ စကားဝှက်(Password) တွေကို ကောင်းစွာ အသုံးပြုနိုင်မှုနဲ့
စကားဝှက်တွေရဲ့ အကာအကွယ်ပေးနိုင်မှု တွေကို ကောင်းစွာ နားလည်မှု တွေအပေါ်မှာ မူတည်နေပါတယ် ...
ကျွန်တော်တို့ သုံးနေတဲ့ စကားဝှက်တွေကို မှတ်ရတာ၊ ခန့်မှန်းရတာ လွယ်နေလား ခက်သလားဆိုတာ အောက်မှာ စစ်ဆေး ကြည့်လို့ရပါတယ် ...
အသုံးများသော၊ အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားသော စကားဝှက်
အများသုံး အမည်များ အပေါ် အခြေခံထားသော စကားဝှက်
User/Account အမည်များ အပေါ် အခြေခံထားသော စကားဝှက်
တိုတောင်းသော (သင်္ကေတ ၆ ခုထက် လျော့နည်းသော) စကားဝှက်
အထက်ပါအတိုင်း တစ်ခုမှ မဟုတ်သော စကားဝှက်
တကယ်လို့များ အပေါ်ဘက်လေးခုထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ စကားဝှက်တွေကို အခြားသူတွေက အလွယ်တကူ ခန့်မှန်းနိုင်မှာ ဖြစ်ပြီး အင်တာနက်ထဲမှာ “ကျွန်တော်မသိတဲ့ ကျွန်တော် ” တွေ အများကြီး ပေါ်လာနိုင်ပါတယ် ...
အားနည်းသော စကားဝှက်များ
အားနည်းတဲ့၊ လုံခြုံမှုမရှိတဲ့ စကားဝှက်များမှာ အခုလို လက္ခဏာတွေ ရှိနေပါတယ် ...
အသုံးများသော အဘိဓါန်စကားလုံးများ အပေါ် အခြေခံထားခြင်း
...
ပြောင်းပြန်ပြုထားခြင်း (ဥပမာ - “terces”)
အကြီးအသေးရောထားခြင်း (ဥပမာ - SeCreT)
စာလုံးနှင့်သင်္ကေတ လဲလှယ်အစားထိုးခြင်း (ဥပမာ - “$ecret”)
သရများဖယ်ထားခြင်း (ဥပမာ - “scrt”)
အများသုံး အမည်များ အပေါ် အခြေခံထားခြင်း
User/Account အမည်များ အပေါ် အခြေခံထားသောခြင်း
တိုတောင်းခြင်း (သင်္ကေတ ၆ ခုထက် လျော့နည်းခြင်း)
ကီးဘုတ်မှ စာလုံးတွဲများအပေါ် အခြေခံထားခြင်း (ဥပမာ - “qwerty”, “zxcvb”)
စာလုံးတစ်ခုတည်းကိုသာ သုံးထားခြင်း (ဥပမာ - “kkkkkkkkk” “aabbccdd”)
လိုင်စင်နံပါတ်၊ မှတ်ပုံတင်အမှတ် စသည်တို့မှ ဂဏန်းများကို အဆင်ပြေသလိုထည့်သုံးခြင်း
မိမိအတွက် မှတ်သားရန်ခက်ခဲနေသော စကားဝှက်များ ဖြစ်ခြင်း
စကားဝှက်များ မလုံခြုံရခြင်း အကြောင်းများ
အခုလို အချက်တွေကြောင့် ကျွန်တော်တို့ရဲ့ စကားဝှက်တွေဟာ မလုံမခြုံဖြစ်တတ်ပါတယ် ...
စကားဝှက်တစ်ခုကို ထပ်တလဲလဲ သုံးခြင်း
မှတ်သားထားခြင်း (တစ်နေရာတွင် ရေးမှတ်ထားခြင်း)
ရေးမှတ်ထားသော စကားဝှက်ကို အခြားနေရာများတွင် သုံးခြင်း
(အထက်ပါ အလေ့အကျင့်နှစ်ခုကို ပေါင်းစပ် ပြုလုပ်ခြင်း)
စကားဝှက်များကို နေရာ နှစ်ခု (သို့မဟုတ်) ထို့ထက်ပိုပြီး သုံးခြင်း
စိတ်မချရသော စနစ်များတွင် စကားဝှက်များကို ထပ်ခါထပ်ခါ အသုံးပြုခြင်း (ဥပမာ - အွန်လိုင်း တွင်ကစားရသော ကစားနည်းများ တွင်စကားဝှက်တစ်ခုတည်းကို ထပ်ခါထပ်ခါ သုံးခြင်း)
မှတ်ချက် -
စကားဝှက် လုံခြုံမှုအတွက် သော့ချက် အကျဆုံးအရာမှာ စကားဝှက်အတွင်းပေါင်းစပ် ပါဝင်နေသော အရာများအပေါ် “ထွင်းဖောက်နိုင်မှု” (Crackability) အပေါ်တွင် တည်နေသည် ...
စကားဝှက်များနှင့် သက်ဆိုင်သည့် လုပ်နည်းစနစ်များ အစီအစဉ်များ အပေါ် ကောင်းစွာမသိခြင်း၊ အထဲတွင် ပါဝင်နေသော အရာများနှင့် စကားဝှက်များကို “ထွင်းဖောက်ခြင်း” (Cracking) ... တို့သည် လူတို့၏ “ လုံခြုံမှု မရှိသော ” အပြုအမူများ၊ အလေ့အကျင့်များ အပေါ် များစွာအခြေခံနေသည် ...
အင်အားကောင်းသော စကားဝှက်များ၏ လက္ခဏာများ
အင်အားကောင်းတဲ့ ခန့်မှန်းရခက်တဲ့ စကားဝှက်များ၏ လက္ခဏာများကတော့ အခုလို ဖြစ်ပါတယ် ....
အောက်ပါတို့အနက် တစ်ခုစီ အနည်းဆုံး ပါဝင်လျက် ရှိခြင်း
ကိန်းဂဏန်းများ (0..9)
စာလုံးများ (a..z..A...Z)
ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတများ (?,!,],:," စသည်)
Control Character (^s, Ctrl-s စသည်)
ကဗျာစာပိုဒ်များမှ စာကြောင်းများတွင်ပါဝင်နေသော စာလုံးများအပေါ် အခြေခံခြင်း
- ဥပမာ - Man may come and man may go, But I go on forever,
- => MMCAMMGBIGOF => M2C@M2GBIG0F
- တခါတရံတွင် Virtual Password များကို ရည်ညွှန်း အသုံးပြုခြင်း
မိမိအတွက် အလွယ်တကူ မှတ်မိနိုင်သော်လည်း အခြားသူများ အနေဖြင့် ခန့်မှန်းနိုင်ရန် အလွန်ခက်ခဲခြင်း (အလွယ်တကူ မဖြစ်နိုင်ခြင်း)
ဆောင်ရွက်ရမည့် အလေ့အကျင့်များ
လုံခြုံ အားကောင်းသော စကားဝှက်များ ဖြစ်စေရန် ဆောင်ရွက်ရမည့် အလေ့အကျင့်များကောင်းတွေကတော့
စကားဝှက်များကို ထပ်ခါတလဲလဲ မသုံးခြင်း
စကားဝှက်တစ်ခုကို မည်သည့်နေရာတွင်မဆို ဘယ်တော့မှ ချရေးမထားခြင်း
ပုံဖျက် (Encrypted) ထားသော စကားဝှက် များကို ထားရှိရာနေရာ ရှိပါကလည်း ချရေးမထားခြင်း
နေရာ၊ စနစ်၊ အကြောင်းအရာ တစ်ခုတိုင်းစီအတွက် မတူညီသော စကားဝှက်တစ်ခုစီကို သုံးခြင်း
အချို့သော Trojan hosrse များသည် မိမိတို့၏ စကားဝှက်များကို ခိုးနိုင်ရန်အတွက် မိမိသုံးနေကြ ၀က်ဘ်ဆိုက် တစ်ခု၏ မူလစာမျက်နှာ အတုတစ်ခု ဖန်တီးကာ User Name နှင့် Password တို့ကို ထည့်သွင်းခိုင်းလေ့ ရှိတတ် ကြသည်။ ထို့ကြောင့် -
မိမိဝင်ရောက်ရမည့် နေရာသည် မှန်ကန်မှုရှိမရှိ အမြဲ သတိထား စစ်ဆေးခြင်း..
စိတ်ချယုံကြည်စွာ ၀င်ရောက်နိုင်မည့် အသိပေးချက်များဖော်ပြပေးခြင်းရှိမရှိ စစ်ဆေးခြင်း..
လိုအပ်ပါက reset လုပ်ပြီး ပြန်ဖွင့်ခြင်း
မိမိ၏ Keyboard ကို တိတ်တဆိတ် စောင့်ကြည့်ပြီး ရိုက်နှိပ်လိုက်သမျှကို မှတ်သားနေသော ပစ္စည်းများ၊ (စကားဝှက် ခိုးယူသော) ဆော့ဖ်ဝဲများ (Keyloggers) ရှိမရှိ စစ်ဆေးခြင်း
စကားဝှက်များကို မကြာခဏ အပြောင်းအလဲ ပြုလုပ်ခြင်း
မိမိ၏ စကားဝှက်များကို ရိုက်သွင်းနေစဉ်တွင် စောင့်ကြည့်၊ ချောင်းကြည့်၊ မသိမသာ ကြည့်နေသူများ ရှိမရှိ တတ်နိုင်သမျှ ဂရုပြု စစ်ဆေးခြင်း
ဆော့ဖ်ဝဲများတွင် ပါဝင်လေ့ရှိတတ်သော “စကားဝှက်မှတ်သားပေးပါ” (Remember Password) ဟူသော အင်္ဂါရပ်ကို ဘယ်တော့မှ မသုံးခြင်း .. (ဥပမာ - Internet Explorer ) ၊(တနည်းအားဖြင့် မိမိ၏ စကားဝှက်ကို ဆော့ဖ်ဝဲဖြင့် မှတ်ထားမှု မပြုခြင်း)
လုပ်ငန်းခွင်တွင် ဖြစ်ပါက အုပ်ချုပ်ရေးတွင် တာဝန်ရှိသူများက စကားဝှက်များ လုံခြုံမှု ရှိမရှိ စစ်ဆေးခြင်းတို့်ပါ
အဘိဓါန် နည်းစနစ် (Dictionary attack)
“ဟက်ကာ” အများစုက အားနည်းတဲ့ စကားဝှက်များကို ဖော်ထုတ်နိုင်ရန်အတွက် များပြားကျယ်ပြန့်စွာရရှိနိုင်သော စကားဝှက် ချိုးဖျက်နိုင်သည့် အဘိဓါန်များကို အသုံးပြုကြပါတယ်။ အဲဒီလို အဘိဓါန်တွေကို အသုံးပြုတိုက်ခိုက်တဲ့ နည်းစနစ်ဖြစ်တာမို့ “ အဘိဓါန် ” Dictionary Attack လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် မိမိတို့မှာ အန္တရာယ် ကြုံတွေ့လာနိုင်သည့် အခြေအနေများ၊ နည်းလမ်းများကို လျော့ချနိုင်ရန်အတွက် “အားကောင်း ခိုင်မာသော စကားဝှက်” များကို ဖန်တီး၊ အသုံးပြုကြရမှာ ဖြစ်ပါတယ် ...
မှတ်ချက် -
စကားဝှက်များကို အသုံးပြုထားခြင်းသည် ကွန်ပျုတာ လုံခြုံရေးစနစ် နယ်ပယ်တွင် အဓိကကျသော ပျော့ကွက် တစ်ခုဖြစ်သည်။ အကြောင်းမှာ အဘိဓါန်နည်းစနစ်ကို အသုံးပြုကာ အလိုအလျောက်စနစ်ဖြင့် အလုပ်လုပ်နေသော ပရိုဂရမ်များဖြင့် စကားဝှက်များကို ခန့်မှန်းရသည်မှာ လွယ်ကူကြောင်း မကြာခဏ လေ့လာတွေ့ရှိရခြင်းကြောင့် ဖြစ်သည်။
လူမှု အင်ဂျင်နီယာ နည်းစနစ် (Social engineering attack)
“ လူမှု အင်ဂျင်နီယာ ” လောကမှာ မကောင်းသတင်းဖြင့် အကျော်ကြားဆုံး ပုဂ္ဂိုလ် “ကီဗင်မင်နစ်ခ်” (Kevin Mitnick) ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ “ လူသားတွေဟာ အားအပျော့ဆုံးသော နေရာမှာ ရှိနေတယ်။ သင့်ထံတွင် အကောင်းဆုံးသော နည်းပညာများ ရှိကောင်း ရှိနေနိုင်တယ် ... ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ ၀န်ထမ်းတစ်ယောက်ယောက်ကို သံသယမရှိ ယုံကြည်လာအောင် လှည့်စားနိုင်လိုက်တာနဲ့ သူလိုချင်တဲ့ အချက်အလက် စတဲ့ လိုအပ်သည့် အရာများ အားလုံးကို ရရှိသွား နိုင်ပါတယ် ..”
အဲဒါကြောင့် ရင်ဆိုင်လာရမည့် ဘေးရန်များကို လျော့ချနိုင်ရန်အတွက်
အမြဲတမ်း သတိဝိရိယရှိခြင်း ၊ အရာရာကို အမှတ်တမဲ့ မနေပဲ စူးစမ်းလေ့လာ စပ်စုခြင်း ...
မိမိ ရိုက်နှိပ်လိုက်သည့် စကားဝှက် ခလုတ်များကို အခြားသူများမှ စောင့်ကြည့်နေခြင်း ရှိမရှိ ဂရုစိုက်ခြင်း ...
မိမိထံမှ အရေးကြီးသော မည်သည့် သတင်းအချက်အလက်များကိုမဆို ပေးလိုက်ရတော့မည်ဆိုပါက လက်ခံသူမှာ အမှန်တကယ်ပေးရမည့်သူဖြစ်ကြောင်း မှန်ကန်မှုရှိမရှိ စစ်ဆေးခြင်း၊ ယုံကြည်နိုင်ရသူဖြစ်ပါမှ ပေးခြင်း ... စတဲ့ အချက်လေးတွေကို အမြဲဂရုပြု နေဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့၏ အမှတ်အသားနှင့် လွတ်လပ်မှု
စကားဝှက်တွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အမှတ်အသားဖြစ်ပါတယ်။ လူချင်း တွေ့စရာမလိုဘဲ အလုပ်လုပ်နေကြတဲ့ အင်တာနက်ထဲမှာ ကျွန်တော်တို့ကို အခြားသူများနှင့် မတူညီအောင်၊ သီးခြားလွတ်လပ်မှု ရှိနေစေအောင် ဖန်တီး ပေးထားနိုင်စွမ်း ရှိနေတဲ့ တစ်ခုတည်းသော အရာဟာ စကားဝှက်တွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် စကားဝှက်ကို
“ တစ်စုံတစ်ရာ၏ ကိုယ်ပိုင်အမှတ်အသား ဖြစ်ကြောင်း အတည်ပြုပေးနိုင်သော၊ ၄င်းတစ်စုံတစ်ရာနှင့်သက်ဆိုင်နေသည့် သတင်းအချက်အလက် အစုအဝေးတစ်ရပ်”
လို့ ပြောနိုင်ပါတယ်။
စကားဝှက်တွေကို ဘာကြောင့်သုံးရသလဲ ပြောရမယ်ဆိုရင်
“ တစ်စုံတစ်ရာသည် ထိုတစ်စုံတစ်ရာ အစစ်အမှန်ဖြစ်ကြောင်း
အတည်ြ့ပု (authentication) ရန်အတွက် အသုံးပြုလေ့ ရှိသည်..”
လို့ ပြောရမှာ ဖြစ်ပါတယ်..
လူချင်းတွေ့စရာမလိုဘဲ အလုပ်လုပ်နိုင်စေဖို့ အတွက် တစ်ဦးချင်းစီမှာ
“ မည်သူနှင့်မှ မတူညီသော သီးခြားအမည် တစ်ခုစီ ” နဲ့ သက်ဆိုင်ရာ “ စကားဝှက် တစ်ခုစီ ”
သတ်မှတ်ထားရှိပြီး သက်ဆိုင်ရာနေရာကို ၀င်ရောက်ရတဲ့ အခါတိုင်း၊ မှန်အောင်ထည့်သွင်းပြီး ၀င်ရောက် နေကြရတာဟာ အင်တာနက် သုံးနေသူတွေအတွက် အထူးပြောနေစရာ မလိုအောင်ကို လုပ်နေကြ အလုပ်တစ်ခုလို ဖြစ်လို့နေပါပြီ .. အဲဒီနေရာမှာ အချင်းချင်း ဆက်သွယ်နိုင်ဖို့ အတွက် အချို့သော စနစ်များမှာ “ ကိုယ်ပိုင်အမည် (Registration name, User name) ” နဲ့ အများကို ဖော်ပြပေးတဲ့ “ အများသိတဲ့ အမည် (Screen name)” ဆိုပြီး သီးခြားစီ ထားရှိကြတာ ကြုံဖူးကြမှာပါ ... ဒါမျိုးတွေဟာ လုံခြုံမှုစနစ်ကို ပိုကောင်းစေတဲ့ သဘောပဲ ဖြစ်ပါတယ်...
ဒီလို ၀င်ရောက်ကြတဲ့ အခါမှာ ထည့်သွင်းလိုက်တဲ့ အမည်နဲ့ စကားဝှက် အပေါ်မူတည်ပြီး “ ဒါ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ” ဆိုတာကို သက်ဆိုင်ရာ စနစ်က သတ်မှတ် ဆုံးဖြတ်သွားတာ ဖြစ်ပါတယ် ... သက်ဆိုင်တဲ့သူ အစစ်အမှန် ဖြစ်မဖြစ် ဆိုတာကို စကားဝှက်လေး တစ်ခုတည်းနဲ့ ဆုံးဖြတ်သွားတာမို့ စကားဝှက်တွေဟာ အတော်လေး အရေးကြီးတာ သိသာပါတယ် .... အမည်တွေကတော့ အခြားသူတွေလည်း ကိုယ့်ရဲ့ အမည်ကို သိနေကြတာမို့ စကားဝှက်လေး တစ်ခုတည်းပဲ ထိန်းနေတာ ဖြစ်ပါတယ် ... မှန်အောင်ထည့်သွင်းလိုက်နိုင်တာနဲ့ သက်ဆိုင်ရာ စနစ်ထဲကို ၀င်ရောက်သွားနိုင်တာကို " Log In " လို့ပြောကြတာပါပဲ ...
မှတ်ချက် -
စကားဝှက်တွေမှာ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အားနည်းချက်တွေ အများကြီးရှိနေတာ သိထားကြပေမယ့်လည်း လူတစ်လောက်ကို မမြင်တွေ့ရဘဲ အဲဒီသူ အမှန်ဖြစ်ကြောင်း စစ်ဆေးဖို့အတွက် နည်းလမ်းတစ်ခု အဖြစ် အခုထိ အသုံးပြုနေရဆဲပဲ ဖြစ်ပါတယ် ...
တိုက်ခိုက်ခံရလျှင်
အကယ်၍ ကျွန်တော်တို့ မဟုတ်တဲ့ အခြားသူတစ်ဦးက ကျွန်တော်တို့ရဲ့ စကားဝှက်ကို သိသွားပြီး စနစ်တစ်ခုထဲကို ကျွန်တော်တို့ ဟန်ဆောင်ပြီး ၀င်ရောက်သွားခဲ့မယ်ဆိုရင် အဲဒီသူ အနေနဲ့ အဲဒီစနစ်ထဲ (ဥပမာ - web site, ဘဏ်စာရင်း စသည်) မှာ ရှိနေတဲ့
ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို သိခွင့်ရသွားပါပြီ ...
ဒါဟာ ကျွန်တော်တို့ရဲ့ တစ်ကိုယ်ရေ လွတ်လပ်မှု (Privacy) ပျက်စီးသွားတာပဲ ဖြစ်ပါတယ် ...
ဆက်လက်ပြီး မဟုတ်တာတွေ၊ ရာဇ၀တ်မှုတွေကို ဆက်လုပ်သွားမယ်ဆိုရင်
ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အမှတ်အသား (Identity) ဟာလည်း ပျက်စီးသွားရပြီ ဖြစ်ပါတယ် ...
မှတ်ချက် -
အင်တာနက်ထဲမှာ အလုပ်လုပ်နေတဲ့ ၀က်ဘ်ဆိုဒ်တစ်ခုမှာ အသုံးပြုနေတဲ့ စကားဝှက်စနစ်တစ်ခု လုံခြုံဖို့ဆိုတာဟာ အဲဒီစနစ်ကို အသုံးပြုနေကြတဲ့ သူတွေရဲ့ “ လုံခြုံရေးဆိုင်ရာအသိများနဲ့ သတိထား လုပ်ဆောင်မှုများ ” အပေါ်မှာ အတော်လေး ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ် ...
စကားဝှက်များနှင့် ပတ်သက်၍ မှတ်သားထားသင့်သည့် အချက်များ
အခုလို သတင်းနည်းပညာ ခေတ်ထဲမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အမှတ်အသား (Identity) နဲ့ တကိုယ်ရေ လွတ်လပ်မှု (Privacy) တွေကို အကာအကွယ် ပေးနိုင်ဖို့ ဆိုတာဟာ စကားဝှက်တွေရဲ့ အကြောင်းကို ကောင်းစွာ သိရှိနားလည် အသုံးချနိုင်မှုအပေါ် များစွာ မူတည်ပါတယ် ...
အင်အားကောင်းတဲ့၊ ခိုင်မာတဲ့၊ အလွယ်တကူ သူတပါး မခန့်မှန်းနိုင်တဲ့ စကားဝှက်တွေကို မသုံးတဲ့သူ၊ သုံးတဲ့ အလေ့အကျင့် မရှိတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို ပြန်ပြီး တိုက်ခိုက်နေသလို ဖြစ်နေမှာပါပဲ ...
တကယ်လို့ ကိုယ့်မှာ မှတ်သားရမယ့် စကားဝှက်တွေ သိပ်များနေတယ်ဆိုရင်တော့ စကားဝှက်သိမ်းပေးတဲ့ ဆော့ဖ်ဝဲတွေကို သုံးနိုင်ပါတယ် ...
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ တွေ့ကြုံလာနိုင်တဲ့ ဘေးရန်တွေကို ကြိုတင်ကာကွယ်ချင်တယ် ဆိုရင်တော့ အင်အားကောင်းတဲ့ စကားဝှက်တွေကို ဖန်တီး အသုံးပြုတဲ့ အလေ့အကျင့်ကောင်းလေးတွေကို လိုက်နာ အသုံးပြုရမှာ ဖြစ်ပါတယ် ..

0 comments:

Post a Comment